International News

အီးယူနှင့် တရုတ် သမိုင်းဝင်ကူသန်းရောင်းဝယ်ရေးသဘောတူညီမှုရရှိ

Last Updated:

ဥရောပ၏ ပထဝီဒေသအညွှန်း (Geographical Indications-GIs) ထုတ်ကုန်များအား တရုတ်နိုင်ငံတွင် အကာအကွယ်ပေးရေးနှင့် အပြန်အလှန်မူအားဖြင့် ဥရောပ စီးပွားရေးဒေသ၌ တရုတ်နိုင်ငံ၏ထွက်ကုန်များအား အသိအမှတ်ပြု အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ အီးယူနှင့် တရုတ်နိုင်ငံတို့အကြား ကူးသန်းရောင်း ဝယ်ရေး ဆိုင်ရာသဘောတူညီမှု ရရှိခဲ့ကြကြောင်းသိရသည်။  ၁၄-၉-၂၀၂၀ ရက်နေ့တွင် အီးယူဘက်မှ ဥရောပ ကောင်စီဥက္ကဌ Charles Michel၊ ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen နှင့် ဂျာမနီနိုင်ငံ အကြီးအကဲဖြစ်သူ Angela Merkel တို့ ဦးဆောင် တက်ရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံဘက်မှ သမ္မတ ရှီကျင်းဖျင် တက်ရာက်ခဲ့သည့် virtual summit တွင် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

       သဘောတူညီချက်အရ အီးယူ၏ GIs ထုတ်ကုန်ပစ္စည်း (၁၀၀) နှင့် တရုတ်နိုင်ငံ၏ GIs ထွက်ကုန် (၁၀၀) တို့ကို အပြန်အလှန်အကာအကွယ်ပေးကြမည်ဖြစ်သည်။ အဆိုပါသဘောတူညီ ချက်အတွက် ညှိနှိုင်း ဆွေးနွေး မှုများကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ၁၄ နှစ်ကြာပြီးနောက် သမိုင်းဝင်သဘော တူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးပြီး ပါက ၂၀၂၁ ခုနှစ်၏ အစောပိုင်းကာလတွင် သဘောတူညီချက် စတင်အသက်ဝင်ရန် မျှော်လင့်ထားပြီး၊ နောက်ထပ် (၄) နှစ် အကြာတွင် နှစ်ဘက်စလုံးမှ GIs ထုတ်ကုန် (၁၇၅) မျိုးကို ထပ်မံတိုးချဲ့ ထည့်သွင်းသွားမည်ဖြစ်သည်။

၂၀၁၉ခုနှစ်၊ ဥရောပကော်မရှင်၏ စာရင်းဇယားများအရ တရုတ်နိုင်ငံသည် အီးယူ၏လယ်ယာ ထွက်ကုန်များတင်ပို့သည့် တတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး၊ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၁၇ ဘီလီယံ ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိကာလတွင် အီးယူမှ တရုတ်နိုင်ငံသို့ လယ်ယာ ထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၃၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အီးယူ၏ GIs အကာအကွယ်ပြုထားသည့် ထုတ်ကုန်များတင်ပို့သည့် ဒုတိယမြောက် ဈေးကွက်လည်းဖြစ်ပြီး ဝိုင်များ၊ လယ်ယာထွက် စားသောက်ကုန်များနှင့် အရက်များအပါဝင် တင်ပို့မှုတန်ဖိုး၏ ၉ ရာခိုင်နှုန်း ခန့်ရှိကြောင်းသိရသည်။ ယခုသဘောတူညီချက်ကြောင့် ဥရောပ၏ စားသုံးသူများအနေဖြင့်လည်း တရုတ်နိုင်ငံ၏ အထူးပြု ထုတ်လုပ်သည့် စားသောက်ကုန်အစစ်အမှန်များကို စားသုံးနိုင်ကြမည်ဖြစ်သည်။ အီးယူသည် ထုတ်ကုန်အမည်ပေါင်း ၃၃၀၀ ကျော်ကို ပထဝီဒေသအညွှန်းထုတ်ကုန်အဖြစ် မှတ်ပုံတင်ထားပြီး၊ non-EU GIs အရေအတွက် ၁၂၅၀ ဝန်းကျင်ကိုလည်း နှစ်နိုင်ငံသဘော တူညီချက်များမှတစ်ဆင့် အီးယူအတွင်း အကာအကွယ်ပေးထားကြောင်းသိရသည်။

Source: https://mitcygn.blogspot.com

 

Category: International News